DKBA ကား BGF ပစ်ခတ် ဗိုလ်ကြီးတဦးသေဆုံး

၂၀၁၀ သြဂုတ်လ အတွင်းက ကရင်ပြည်နယ် မြ၀တီ ခရိုင်၌ ဖွဲ့စည်းသည့် နယ်ခြားစောင့်တပ် အခမ်းအနား(ဓာတ်ပုံ - ဧရာဝတီ)
“DKBA ကားမို့ တမင်ပစ်တာလား။ ဗိုလ်ကြီးတင်ညွှန့် ကိုပစ်လားဆိုတာ ကျနော်တို့လည်း သေချာမသိရသေးပါဘူး။ ကားထဲမှာ အတူပါသွားတဲ့ သူ့ညီကတော့ လောလောဆယ်ပျောက်နေတယ်။ အဆက်အသွယ်မရသေးဘူး။ ကလို့ထူးလားဗျူဟာ ကားကို ငှားသွားတာလား၊ လမ်းကြုံလိုက်သွားတာလားဆိုတာစုံစမ်းနေဆဲပါ”ဟု ဗိုလ်မှူး စောလုံလုံ က ဧရာဝတီသို့ ပြောသည်။
သေဆုံးသူ ဗိုလ်ကြီး တင်ညွှန့် ၏ ရုပ်အလောင်းကို ယမန်နေ့က ၎င်း၏ နေရပ်ဖြစ်သော မြိုင်ကြီးငူဒေသ ကျုံထော် ကျေးရွာသို့ ပို့ဆောင်ထားကြောင်း သူက ဆက်ပြောသည်။
ဗိုလ်ကြီး တင်ညွှန့်နှင့် ၎င်း၏ ညီဖြစ်သူတို့လိုက်ပါခဲ့သော ကားမှာ DKBA ကလို့ထူးလားဗျူဟာ လက်အောက်ခံ တပ်ရင်းအရာရှိ ကန်ညီနောင် ဗိုလ်မောင်လေး ၏ ကားဖြစ်ပြီး အဆိုပါပစ်ခတ်မှုနှင့်ပတ်သက်၍ DKBA ဘက်မှ အောက်ခြေတပ်ရင်းများသို့ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေ ကြောင်းသိရသည်။
ထိုပစ်ခတ်မှုသည် BGF အချင်းချင်း လုပ်ကြံမှုဆိုပြီး နှစ်ဘက်တပ်များအကြား သတင်းပျံ့နေကြောင်း၊ ယင်းသို့ မဟုတ်ဘဲ DKBA ကားဖြစ်၍ ရည်ရွယ်ပစ်ခတ်ခြင်းဖြစ်လျှင် ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံး ညွန်ကြားရေးမှူး ဗိုလ်ချုပ် မောင်မောင် အုန်း ထံသို့ အရေးယူရန် တင်ပို့သွားမည်ဟု DKBA ၉၀၂ တပ်မှူး ဗိုလ်မှူး စောဆန်းအောင် က ပြောသည်။
“ဒီပစ်ခတ်မှုဟာ ဘယ်သူ့ကို ရည်ရွယ်သလဲဆိုတာ ကွဲကွဲပြားပြား သိရအောင် အောက်ခြေတပ်ရင်းဆီက Report(အစီရင်ခံမှု) ကို ကျနော်တို့ စောင့်နေတယ်။ DKBA ကို ရည်ရွယ်တယ်ဆိုရင်တော့ အရေးယူဆုံးဖြတ်ပေးနိုင်ဖို့ ကျနော်တို့ ဘက်က လုပ်ဆောင်သွားမှာ ဖြစ်တယ်”ဟု ဗိုလ်မှူး စောဆန်းအောင် က ဆိုသည်။
ယခင်လပိုင်းအတွင်းက မြိုင်ကြီးငူ အခြေစိုက် BGF အမှတ် ၁၀၁၁ တပ်ရင်းတပ်ဖွဲ့များက အနီးရှိ ရင်းပိုင်းချောင်းတလေတွင် တပ်စွဲထားသော DKBA ကလို့ထူးလား လက်အောက်ခံ တပ်ရင်း တချို့ထံမှ လက်နက်များ ဝင်ရောက်သိမ်းဆဲမှုပြုလုပ်ခဲ့သဖြင့် နှစ်ဘက် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ BGF ဘက်မှ တပ်ဖွဲ့ဝင် ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး အရပ်သားများလည်း ထိခိုက်သေဆုံးမှု ရှိခဲ့သည်။
ယင်းဖြစ်ရပ်၌ တပ်ဖွဲ့ဝင်များ ထံမှ သိမ်းဆည်းခဲ့သော လက်နက်များကို ကြေအေးစွာ ပြန်လည်အပ်နှံပေးနိုင်ရန် ဗိုလ်ချုပ် မောင်မောင်အုန်း က ဝင်ရောက် ဖြေရှင်းပေးခဲ့ပြီးနောက် BGF အဖွဲ့များက သိမ်းယူထားသော လက်နက်များ ပြန်လည် အပ်နှံခဲ့ကြောင်း DKBA ထံမှသိရသည်။
DKBA နယ်ခြားစောင့်တပ် ဖွဲ့စည်းခြင်း အခမ်းအနားများကို ၂၀၁၀ ပြည့် သြဂုတ်လ အတွင်းက လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူ ဒေသ၊ ပိုင်ကျုံမြို့နယ် ထန်းတပင်ကျေးရွာ၊ မြ ၀တီ မြို့နယ် မဲပလဲ့ဒေသ၊ ကော့ကရိတ်မြို့နယ် ထီးဟူးသံ ကျေးရွာနှင့် ကွင်းကလေးဒေသ တို့တွင် စစ်အစိုးရကဦးဆောင်၍ ပြုလုပ်ပေးခဲ့သည်။
DKBA သည် ၁၉၉၅ တွင် KNU မှ ခွဲထွက်ခဲ့ပြီး အစိုးရနှင့်ပူးပေါင်းကာ KNU ကိုပြန်လည်တိုက်ခိုက်ခဲ့သည်။ KNU မှ ခွဲထွက်လာ သည့် အဖွဲ့များအနက် အင်အားအကြီးဆုံးအဖွဲ့လည်း ဖြစ်သည်။ ၁၉၉၅ ခုနှစ်ထဲတွင်ပင် ယခင်စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး စာ ချုပ် ချုပ်ခဲ့သော်လည်း၂၀၁၀ ရွေးကောက်ပွဲမတိုင်မီတွင် အစိုးရက နယ်ခြေားစောင့်တပ် အသွင်ပြောင်းမှုကို ဗိုလ်ချုပ် စောလားပွယ် ဦးဆောင်သော DKBA တပ်မဟာ ၅ က လက်မခံခဲ့သဖြင့် ငြိမ်းချမ်းရေးပျက်ပြားကာ အစိုးရနှင့် တိုက်ပွဲပြန်ဖြစ်ခဲ့သည်။



No comments:
Post a Comment